Showing posts with label Poems. Show all posts
Showing posts with label Poems. Show all posts

Monday, February 29, 2016

မန္တလေး


ဇာတိချက်မြုပ် မွေးရပ်မြေ

ယဉ်ကျေးမှု အစဉ်အလာ

ဂုဏ်သရေ ကြီးမားရာ အရပ်

မြန်မာမှုရဲ့ နောက်ဆုံး ခံတပ်မြို့


လွင်ပြင်ဆန်သော ရာသီပူပြင်းမှုက

မိတ်ရင်းဆွေရင်း ရောင်းရင်းများရဲ့

ချစ်ခြင်းမေတ္တာမှာ အေးမြသွား ...

မန္တလေးတောင် ၊ ကျုံးရေပြင် ၊ တောင်သမန်

အရာရာက လွမ်းမောဖွယ် ...


ငါမသိတဲ့ ငါရှိခဲ့တဲ့အရပ်က နွေးထွေးမှုတွေ

ရင်နဲ့ မဆန့်အောင်

ကြည်နူးမိ လှိုက်မောမိ ဝမ်းနည်းဝမ်းသာ

အကြောင်းကြောင်းကြောင့်

ကွဲကွာနေကြရပေါ့

ပျော်ရာမှာ မနေရ ၊ တော်ရာမှာနေရပေါ့


အကျိုးမလိုဘဲလောင်းတဲ့ ညောင်ရေတွေ

စိတ်ရောကိုယ်ပါ နှစ်နှစ်ကာကာ စကားစစ်စစ်တွေ

လှိုက်လှဲပျူငှာ စာနာမှုတွေ

အံ့ဩစရာတွေကြောင့် ငိုင်သွားတယ်

ကျေးဇူးတင်ပါတယ်

ကျေးဇူးတင်ပါတယ်

ကျေးဇူးတင်ပါတယ်

အထပ်ထပ် အခါခါ


နောက်ဆုံး ငါတစ်ယောက်တည်း ပြန်ဖြစ်သွားတော့မှ

ငါဟာ ရန်ကုန်ရဲ့ ယန္တရားကြီးထဲမှာ

ပင်နယံတစ်ခုလို

ခွေးသွားစိတ်တစ်ခုလို

နေ့တဓူဝတွေနဲ့

အရင်လို အရင်အတိုင်း

ရုန်းကန် ....။  ။


Thursday, May 29, 2014

ပြီးခဲ့တာတွေ ပြီးပါစေတော့


ပြီးခဲ့တာတွေ ပြီးပါစေတော့


ကျုပ် ညီမလေး ပြည့်တန်ဆာ ဖြစ်ခဲ့ရသလို


ခင်ဗျား အစ်မကြီးလည်း


စိန်တွေ ညွှတ်အိနေတဲ့ မင်္ဂလာ ခမ်းနား လုပ်ခဲ့ပြီးပြီပဲ


ပြီးခဲ့တာတွေ ပြီးပါစေတော့


ကျုပ် ဘကြီးတွေ လယ်မဲ့ ယာမဲ့ ဖြစ်တော့


ခင်ဗျား မိန်းမ ဘက် က နှစ်ဝမ်းကွဲ တူတော်သူတွေ မှာ


ကုမ္ပဏီတွေ နဲ့ နိူင်ငံ့စွမ်းဆောင်ရည်ဆုတွေ နဲ့


ပြီးခဲ့တာတွေ ပြီးပါစေတော့


အောင်လက်မှတ်လေးတွေ ကိုယ်စီ ကိုယ်ငှ


ဒုက္ခသည် အချုပ်ချ ဒီနိူင်ငံ က ပါ လို့ ပြောရင် နှာခေါင်းရှုံ့ကြ


ခင်ဗျား အစ်ကို တစ်ယောက်တော့


အင်္ဂလန် က ဘောလုံးအသင်းတစ်သင်း ဝယ်လိုက်တယ် ဆိုလား


ပြီးခဲ့တာတွေ ပြီးပါစေတော့


ကျုပ် တူမလေး တစ်ယောက်


ဘီယာဆိုင်တွေမယ် ည ည စံပယ်ပန်း လိုက်ရောင်းတော့


အမေ က ဆူတယ်


ခင်ဗျား တူမလေး တစ်ယောက်


လူရည်ချွန် ဖြစ်သွားတော့


ကို သူရသက်တင် နဲ့ ကျောင်းသားမိဘ


ထောင်ထဲ ရောက်သွားလေရဲ့


ပြီးခဲ့တာတွေ ပြီးပါစေတော့


မီတာခတွေ စျေးတက်သွားမှ မီး က ပိုပျက်လာ


တစ်ရက် ၂၀၀၀ ရရင် ခင်ဗျားရော ကျုပ်ရော လုံလောက်ပြီပဲ


မ.ဘ.သ ဆိုလား ၊ မ.ဘ.စ ဆိုလား


ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ဖို့ လက်မှတ်ရေးထိုးထောက်ခံခြင်းကပဲ


ကိုယ့် ကိုယ် ကို အပြစ်တင်မိမလို ဖြစ်ရဦးမယ် ဆိုလား


လူတွေ ထပ်သေချင်လည်း သေကြပါစေဗျာ


သဗ္ဗေသတ္တာ ကမ္မသကာပေါ့ ...


ပြီးခဲ့တာတွေ ပြီးပါစေတော့


ကျုပ် က ကာတွန်းတွေ ဆောင်းပါးတွေ စာရင်းတွေ နဲ့ အတောမသတ် ပြောရင်


ခင်ဗျား က အိပ်မက်ဆုံရာတွေ ၊ ကိုရီးယားကားတွေ ၊ ပဟေဠိနန်းတော်တွေ နဲ့


လှည့်ဖြားဦးမယ် မဟုတ်လား


ကျုပ် က ကိုယ်ပိုင်နံပါတ်တွေ ၊ ဗွီဒီယိုဖိုင်တွေ ၊ မျက်မြင်ပြည်သူတွေ အရ ပြောရင်


ခင်ဗျား က ကားပါမစ်တွေ ၊ ၁၅၀၀ တန်ဖုန်းတွေ ၊ တန်ဖိုးနည်း အိမ်ရာတွေ နဲ့


အာဆီယံ ဥက္ကဌ လုပ်ဦးမယ် မဟုတ်လား


ပြီးခဲ့တာတွေ ပြီးပါစေတော့လေ


ရွှေ လို့ သမုတ်ရင် ကိုယ့် ကိုယ် ကို ဂုဏ်တင်နေကြသူတွေ အပါအဝင်


လွန်ခဲ့သော နှစ်များစွာ က အတိုင်း


ကျွန် စနစ် ဟာ


ဒီ နိူင်ငံ မှာ အတိအကျ ထွန်းကားနေသေးကြောင်း


နောက်လာ နောင်သား များ ကို သာ ပြောပြကြပါစို့ရဲ့


PM 10:17 28th May 2014

ရုပ်ရှင်



၉၂.၄၈ ရာခိုင်နှုန်း က ထောက်ခံခဲ့တယ် ဆိုတာ ... ရယ်စရာ


သန်းခြောက်ဆယ် မှာတော့ ဒေါ်လာ ၁၀၀၀ အောက် ဝင်ငွေ နဲ့


သိက္ခာ နဲ့ အဆင့်အတန်း အကြောင်း


လူထုခေါင်းဆောင် က ပြောတော့


အခြေခံ အကျဆုံး အရှက် နဲ့ စာရိတ္တ ချို့တဲ့တာတွေ အပေါ်


ကိုယ်တိုင် ပဲ ရှက်မိပါရဲ့


လက်ခုပ်မတီးရ ၊ အလံဝှေ့ယမ်း လက်ကမ်း မကြိုရ


၃၉၂ မဲ နဲ့ ၁၀ မဲ


၁၉၉၀ လို့ ပြန်တွေးရင် အခု က ၂၄ နှစ် ကြာခဲ့ပြီ


သာရာကူး နိူင်ရာစား ချီး(ချေး)ကျရာပျော်


ပါးအရိုက်ခံရတာကိုမှ နေသာ ထိုင်သာ


တူညီဝတ်စုံ မြင်ရင် လန့်ထိတ်နေရတာကိုမှ


စည်းကမ်းရှိ စနစ်ကျတယ် ... ထင်


နောက်ထပ် မျိုးဆက်တွေကို သာ


သတိဆွဲ မိကျောင်းတွားတက်ခိုင်းတတ်ဖို့ သင်


ရက်ဘတ်တလာ ပြောသလို


တစ်ဦးတစ်ယောက်တည်း ချမ်းသာဖို့ လုပ်ကြမလား


ဆွန်ယက်ဆင် လို ဂန္ဒီ လို


သမိုင်း ကို ပြန်ပြောကြရင်


ကိုယ့် သတ္တိ အကြောင်း ပါချင်ကြမလား


ခင်ဗျားတို့ ကြိုက်ရာရွေးပါ


ပိတ်ကား ထက်မှာ


ဇာတ်လမ်း ကတော့ ... ဆက် ပြနေပြီ ။    ။





PM 9:40 28th May 2014

ဒီတော့



အတူတွေ့ရင် ပွင့်ရီမယ့် အနမ်းများအတွက်

ငါတို့ နှုတ်ခမ်းများမှာ မုသား ကင်းစင်ဖို့ လို

တစ်ဦး သတိရခြင်း ဟာ

အခြား တစ်ဦး အတွက်

မိုးသားကင်းစင်သော ကောင်းကင် နှယ် ကြည်လင်

လိင်မှု ကိစ္စ ၊ စားဝတ်နေရေး ၊ နှစ်ဖက်ဆွေမျိုးသိုင်းဝိုင်း

လူမှုရေးရာ ၊ ဘဝ အာမခံချက်

အစရှိသော ... ထုံးတမ်းစဉ်လာများ အရ

ငါတို့ မေတ္တာတရား ဟာ

စိတ်ကူးထားမိသလို သိပ်ကြီး မခမ်းနားတော့ ...

အချစ် ဆိုတာ ...

တစ်ယောက် မျှော်ရီတမ်းမူးခြင်းမှာ

တစ်ယောက် က ရူးသွပ်ထားတဲ့ သွေးသားဆန္ဒ

ဘယ်သူမှ မမှားကြ

ဘယ်သူမှလည်း မမှားချင်ခဲ့ကြ

စနစ် မှားရင်တော့ ခေတ် ပေါ့

လူ မှားရင်လည်း မူ ကြောင့်

မဲ အနည်း အများ ရေတွက်ပုံ အရ

ရံဖန်ရံခါ

အချစ် သီးသန့် တောင်းဆိုမှု တို့သည်

လွမ်းခန်း ၌ သာ အဆုံးသတ်လေ၏ ။





PM 9:20 28th May 2014

Monday, May 19, 2014

ဒီလိုနဲ့


ဥဒဟို ကားတွေ ၊ ဆိုင်ကယ်တွေ

အလျားလျားအထွေထွေ မီးရောင်စုံ လူရောင်စုံတွေ

မျက်စိတဆုံး လမ်းတဆုံး မီးခိုးမဆုံး မိုးမဆုံး

အိမ်အပြန် လူခြေတိတ်တိတ်

တစ်ဆိုင်ဆိုင်မှာ ...

အလုပ်တွေ ၊ အိပ်မက်တွေ တပုံတပင် နဲ့

မနက်ဖြန်တိုင်းဟာလည်း

အားလပ်ရက် နဲ့ ဝေးကွာလို့

သက်ပြင်း ဟာ ပျင်းပျင်းပျပျ တိုးထွက်သွားခဲ့

နှစ်ယောက်လုံး ကြိုက်တတ်တဲ့ သီချင်းတွေ

တစ်ယောက်တည်း

နားကြပ်တစ်စုံ နဲ့ ခပ်တိုးတိုး နားထောင်လို့

ရယ်စရာတွေ ပြောဖြစ်ကြပေမယ့်

ငါတို့ မောနေခဲ့ကြတယ်

လောကဓံ ရဲ့ ရွှေ့ကွက်တွေထဲမှာ

ကိုယ့် သမိုင်း ကိုယ် ရေးကြမယ် လို့ လည်း

ကယောင်ကတမ်း အော်တဲ့အခါ အော်မိခဲ့ကြတယ်

သတိရတဲ့ အရောင် နဲ့

အုံ့မှိုင်းသွားသော ညနေ ဟာ

ရွာရန်ရွာနှုန်းသက်သက် သတင်းတစ်ပုဒ် လို

အထိမ်းအမှတ်နေ့ မှာ ဝတ်မယ့် ဝတ်စုံတွေ ဟာ

သေတ္တာထောင့်ခြေလေးမှာ သေသေသပ်သပ် သိမ်းခေါက်လို့

မနက်ဖြန် မနက်ဖြန် နဲ့

ယုံကြည်ချက် ကိုပဲ အထပ်ထပ် ရေလောင်းပေါင်းသင်လို့

အိုအေစစ်တွေ အကြောင်း စကားမစပ်ကြတော့ဘူး

စာတိုစာရှည်တွေ အကြောင်း အစမလုပ်ကြတော့ဘူး

စကားလုံးတချို့ဟာ စိတ်မှာပဲ ခဏ ခဏ ပြယ်ပျောက်လို့ ...

ကြိုးတန်း'လမ်း နဲ့ ချောက်ကမ်းပါးနေ့တွေ ကြားမှာ

မိနစ်အနည်းငယ်စာ အသံပါးပါးတွေ အရ

ညတွေလည်း ငြိမ်သက်တိုးလျသွားတော့တယ် ။    ။



 

 

PM 9:40 15th May 2014

Monday, May 5, 2014

အဲဒီတုန်းကတော့ ...


သျှိသျှားရွက်ရှည်လေးတွေ ... ယိမ်းသွဲ့ခတ်ခတ်

 ဗာဒံစိမ်းရွက်နုလေးတွေ ... ရှိုးတိုးရှန့်ရှန့်

 လေပြေ အနွဲ့ ...

 ဖုန်မှုန်လေးတွေ ...

 ဧည့်ခန်း ဆီ ... တလူးလူး တလွင့်လွင့်

 ခြံ ထဲ ...

 ရွက်ခြောက်ငယ်များ ...

 လေယူရာ ... တငြိမ့်ငြိမ့် တသောသော

 မခိုင်ခန့်သော တံခါးချိတ်တွေ ... ပြန်ပြန်ချိတ်ရ

 လွင့်ဝဲသွားသော အင်္ကျီချိတ်တွေ ... ပြန်ပြန်ကောက်ရ

 စိတ်တံခါး တစ်ချပ်တော့ ပိတ်မရ

 လွန်ခဲ့သော လများ ရက်များဆီ

 တစ်ရက်ချင်း တစ်နေ့ချင်း ... ရွေ့ကာ တွားကာ ...

 နှုတ်ခမ်းနီ ဆိုး' မထားတဲ့ နှုတ်ခမ်းလေးတွေ ...

 မှုန်နံ့သာ ခြယ်သ' မထားတဲ့ ပါးနုနုလေးတွေ ...

 အရေပြားပါးပါးအောက်က သွေးကြောမျှင်လေးတွေ ...

 မောမော နဲ့ ရှိုက်ဖြစ်လိုက်တဲ့ ပင့်သက်တွေ ...

 ရိပ်ကာဝဲကာ ... ဝေ့ကာသီကာ ...

 အစောက ... မောင်' လို့ ရေရွတ်မိလိုက်ဦးမလား ...

 နားထဲမှာ ...

 ဟိုး ... မိုင်ပေါင်းများစွာ က ခေါ်သံသဲ့သဲ့ ကို

 ကြားလိုက်ရသလိုလို ...

 ရေသန့်ရေခဲ သွားဝယ်ခဲ့ဖူးတာ အမှတ်ရမိတယ် ။

 နေပြင်းပြင်း တောင်ကမ်းပါးယံ က ဘုရားတွေ

 သွားဖူးခဲ့ကြတာ အမှတ်ရမိတယ် ။

 လက်သီးဆုပ်နုနုလေးတွေ နဲ့

 ဖွဖွလေး ထုခဲ့ဖူးတာ ... အမှတ်ရမိတယ် ။

 ဒီလို မနက် ဆို ငါလည်း မင်းဆီ စိတ်ကူးအပြည့် နဲ့ လှမ်းလို့ ...

 ဒီလို ညနေ ဆို မင်းလည်း ငါ့ကို စိတ်မချ တဖွဖွ စကားတွေ မှာကြားလို့ ...

 စတစ်ကော်လံ အဖြူတွေလည်း မီးပူ မတိုက်ဖြစ်တော့ဘူးကွယ်

 အဆိုးထဲက အကောင်းတွေ လို့လည်း မပြောဖြစ်တော့ဘူး

 ဓာတ်ပုံ ရိုက်ရင် ခေါင်းကြီး မော့မော့ မထားဖြစ်အောင်လည်း

 ဂရုစိုက်ရပါတယ်

 ကွေ့လိုက်ရမယ့် လမ်းတွေ ကျော်ကျော် မသွားတော့အောင်လည်း

 သတိထားဖြစ်လာတယ်

 ငါတော့ ... အလွမ်း နဲ့ နေသားကျပါပြီ

 ဒီတစ်ခါ အချိန်ရရင်သာ

 သေသေချာချာ လွမ်းနေကြောင်း

 မသိလိုက် မသိဘာသာ ပြောပြရဦးမယ် ။    ။







PM 10:00 2nd May 2014

Thursday, February 13, 2014

မန္တလေး မှာ နေတယ်



စက်မှု ၊ သင်ပန်းကုန်း ၊ မြရည်နန္ဒာ ၊ အောင်ပင်လယ်

ပုသိမ်ကြီး ၊ အိုးဘို ၊ စိန်ပန်း ၊ နှင်းဆီခြံ ၊ မာလကာခြံ

ကွက်သစ် ၊ မြို့သစ် ၊ ရှမ်းကလေးကျွန်း ... အစရှိသဖြင့်

မြို့အစွန် မြို့အပြင် မြို့အထွက် မြို့အစွန်းတွေ ဆီ က

တရားသံ ၊ ပဲပြုတ်သည်သံ တွေ နဲ့ ထ

မြို့ ကို ခဏ ပြန်ရဖို့ ငါတို့ လာခဲ့ကြတယ် ။

တရုတ်တွေ အတွက် အိမ်ဆောက်ပေးဖို့ရာ

ကုလားတွေ ကုမ္ပဏီမှာ အလုပ်ဝင်ဖို့ရာ

တချို့လည်း ဖီးဖီးလိမ်းလိမ်း ပြင်ပြင်ဆင်ဆင်

တချို့လည်း စူးဆောက်တန်ဆာပလာ ကိရိယာတွေ နဲ့

ကျေးဇူးရှင် တရုတ် ရဲ့ ဆိုင်ကယ်တွေ စီး

တစ်ရက် ကို နှစ်ယောက်နှုန်းကျ

သေတဲ့အခါလည်း သေခဲ့ရတယ် ။

ငါတို့ ရလာတဲ့ နေ့တွက်လေးတွေ နဲ့

မိသားစု စားဝတ်နေရေး ပြေလည်နေရင်

အင်္ဂလန် က ဘောလုံးပွဲတွေ ကို လဘ္ဘရည်ဆိုင်ထိုင် ဆဲရင်းလည်း

ဘဝအမောက ငါတို့မှာ ပြေခဲ့တယ် ။

ညနေ ညနေ တရုတ်တွေ ရောင်းတဲ့

မြန်မာ ဘီယာတွေ သောက်ရင်း

ငါတို့ အိပ်မက်တွေ ကို ဘီပိုး ၊ စီပိုးတွေ နဲ့

အလဲအထပ် လုပ်ခဲ့တယ် ။

လမ်း ( ၈၀ ) ဟာ နယ်စပ်မျဉ်းတစ်ကြောင်း ဆိုရင်

အရှေ့ဘက်ခြမ်းမှာလည်း ငါတို့ မရှိဘူး

အနောက်ဘက်ခြမ်းမှာလည်း ငါတို့ မရှိဘူး

မြန်မာ သက္ကရာဇ် ၁၂၂၁ မှာ မြန်မာဘုရင် မင်းတုန်းမင်း က မြို့ ကို တည်ခဲ့တယ် ။

သူ့မြို့ရိုး ကို ငေး ... သူ့ကျုံးနံဘေးမှာ

ပီကင်း ရဲ့  Tiananmen Square မှာ ရောက်နေတယ် တွေးရမလို

တရုတ်တွေ တေးဆိုပြီး လေ့ကျင့်ခန်းလုပ်နေတာ မြင်ရင်

သူ ဘာပြောမလဲ သိချင်တယ် ။        ။






5:00 AM 13th FEBRUARY 2014

Friday, January 3, 2014

ပဉ္စလရာဇ် အဆန်ဆုံး ညတွေ ...



ညှင်းသွဲ့လူးခတ်လေသော လေပြေ နဲ့ ဘာ နဲ့

ငြိမ်ဆိတ်တိုးလျလေသော အရွေ့အလျား နဲ့ ဘာ နဲ့

ခင်ဗျားတို့ ကျုပ်တို့ သိပြီးသား ပုံစံမျိုး

ည ဟာ ပဉ္စလရာဇ် ဆန်နေ ...

နောက်ကျ ... နောက်ကျ ... နောက်ကျ

ဘဝ ရဲ့ နှစ်ကာလ တစ်ခု ဆီ နောက်ကျ

ဆိတ်ဖလူး ရနံ့တွေ မွှေးရီခြင်း ဆီ နောက်ကျ

တံတားအမှတ် ဆယ့်တစ်မှာ နောက်ကျ

ပေါက်ကွဲမှု ရစ်ခ်ျတာစကေး နှစ်ထောင်မှာ နောက်ကျ

မီးလျှံမီးညွှန့် ၉၉ မှာ နောက်ကျ

ကန့်လန့်ကာ ဆက်တင်မှာ

နောက်ခံကားများက အစ မှားနေပါသတဲ့ ... ။

ညံ့သက်လေသော တွေးခေါ်မှု နဲ့

ဖြူးဖျလေသော ဆင်ခြင်ဥာဏ် နဲ့

ခရီးလမ်းတလျှောက် မီးတောက်မီးစတွေ က ဝေးရာဆီ ...

စိတ်သွားတိုင်းလည်း ကိုယ်မပါ

ကိုယ်ပါတိုင်းလည်း စိတ်မသွားတတ်တော့ ...

ဝိဝါဒ ကွဲပြားပုံတွေချည်းပါပဲလေ

နည်းနည်း နားရှုပ်ချင်စရာ

နည်းနည်း ခလုတ်ရှုပ်ချင်စရာ

နည်းနည်း အချိတ်အဆက် လွဲမှားချင်စရာ

ဦးနှောက်ဖောက်စားချင်သူများ နဲ့ သာ

ငါတို့မှာ တွေ့ရပြန်ဦးတော့မယ် ။

ဤခရီး နီးပါသတဲ့လား ...

ဝဋ်နာကံနာ ၊ အလေ့ကျ ပျိုးပေါက်ရာ

ကံအကျိုးအကြောင်းမသင့် ၊ ရေကြည်ရာ မြက်နုရာ

ကျသင့်ငွေ စာရင်းထဲ

စားဝတ်နေရေး အမျိုးအမည်အောက်

အကြွေး ချည်း မှတ်ခဲ့ရတယ် ။

စိတ် အမောကြီး နဲ့ တီးတဲ့ အသံ မို့ နားဆူပေမယ် ။

သက် အလျှောကြီး နဲ့ ပြေလိုက်တဲ့ အလျဉ် မို့ ခါးပူနေမယ် ။

လောက အတွက် အကောင်းဆုံးလက်ဆောင် ... ပျောက်ရှခဲ့ရပြီ

တမိုးထဲအောက် က ရင်လှိုက်မြည်ဟီး တွန်ကျူးသံများ ... ဆွံ့အခဲ့ကြပြီ

ဖိနပ်ပါးလေး တစ်ရံ နဲ့ ပဲ အိမ်ပြန်ခဲ့တော့တယ် ။

ဆက်သွယ်မှု ဧရိယာ အပြင်ဘက် က အသံတွေ လည်း

လိုင်း က မမိတစ်ချက် မိတစ်ချက်

စည်းလွတ်ဒုန်းလွတ် စိတ်အချဉ်တွေ လည်း

အောက်ခြေ က မလွတ်တစ်ချက် လွတ်တစ်ချက်

အမှတ်ပေးစည်းမျဉ်း နဲ့ အညီ အဖြေလွှာတွေ လည်း

ဂုဏ်အင်္ဂါရပ်တို့ နဲ့ သာ ညီပြီး ရသ က မပါတစ်ခါ ပါတစ်ပါ

နေ့ညအမှီ အော်ပရာတွေ လည်း

ကျန်းမာရေးအတွက် ဗီတာမင် က မပြည့်တစ်လှည့် ပြည့်တစ်လှည့်

အလှည့်ကျ တန်းစီဇယား ရှိပါသေးသတဲ့ ...

အောက်ခြေတိုင်း အနားညီမလား ကြည့်ရ

စကားလုံးတိုင်း ဝစ္စပေါက် ပါရဲ့လား စစ်ကြောရ

လမ်းဆုံးတိုင်း ဂငယ်ကွေ့ဖြစ်လေမလား သုံးသပ်ရ

ရေစုန်မျောတော့ မြန်လိုက်တာ

ဝိုင်းဖွဲ့ပြီး ရယ်မောခဲ့ကြပါတယ် ။

စုအုံပြီး ပေါ့သွမ်းသွေးခဲ့ကြပါတယ် ။

သတိဆွဲပြီး အမှတ်စဉ် အော်ခဲ့ကြပါတယ် ။

ဘဝ နဲ့ ဘဝ ပေါင်းတဲ့အခါ

သုည က စပြီး ရေတွက်ရတော့တယ် ။

ကရမ်းကသမ်း တိုင်တည်ချင်စရာ နတ်ဘုရား မရှိ

အလင်း အလျော့အပါး တိုင်းတာချင်စရာ မျဉ်းကပ်မျဉ်းမတ် မရှိ

နားတစ်စုံ ဆီ ကြားသိစေလိုတိုင်း

နံရံတစ်ချပ် ဆီ ကန်ကျောက်ချင်လေတိုင်း

တံတိုင်းတစ်ခု မှ ကျော်လွှားချင်လေတိုင်း

ခံတပ် ကို သစ်ဝါးအစုံ နဲ့ ပြီးပြည့်စုံစေအောင် ...

အစွန်အဖျားတွေ က သူတစ်ပါး ကို မထိရောက်လေအောင် ...

အကိုင်းအခက်တွေ က စည်းရိုးခြံခြား ပေါ် မကျော်လွှားနေအောင် ...

ယေဘူယျ ရေပြင်ညီ အမှတ် က ကမ်းပါးမှာ မကပ်ငြိပေအောင် ...

ငါတို့မှာ

ကိုယ့် တာ နဲ့ ကိုယ်

ရွှေသမင် အထင် အတွက် ထောင်ချောက်ဆင် ... ။    ။









PM 11:00 23rd MAY 2011

အလွမ်းတွေ နဲ့ နေ



အလွမ်းဓါး ဖြင့် ငါတို့အား ပိုင်းခြားကြတော့အံ့ ...

မြောက်လေတသိုက်

လှိုက်မောဖွယ် တေးအလိုက် နှင့်

ကသုတ်ကရက်နိုင်စွာ ...

အိပ်မက်အစုံစုံ အမှတ်ရဖွယ် ဖြစ်ရပ်တို့ နှင့်

နင့်နင့်နဲနဲနိုင်စွာ ...

သံယောဇဉ် ရထား ဟာ

တခမ်းတနား ဆိုက်ရောက်ခဲ့ချေပြီ ။

ငါတို့မှာ

အတူရှိချိန်တွေ နည်းပါးလေသမျှ

ဤကဲ့သို့သော ညများတွင် များနိုင်သမျှ များများ တမ်းတနေကြရတော့အံ့

ဤကဲ့သို့သော ခဏများတွင် များနိုင်သမျှ များများ မျှော်ရီနေကြရတော့အံ့

ဤကဲ့သို့သော တံဆိပ်များ နှင့် ... များနိုင်သမျှ များများ

တစ်ယောက်ဆီ တစ်ယောက် အပြန်အလှန် လွမ်းစိတ်များ အကြောင်း

တရံမလပ် သတိရနေခြင်း အကြောင်း ပြောပြနေကြရအံ့

တစ်ယောက်ဆီ တစ်ယောက် ဖော်ကွာဝေးအနမ်းများ နဲ့

တစ်ယောက် အိပ်မက် မှာ တစ်ယောက် ပါဝင်ဖို့ ဆုတောင်းနေကြရအံ့

တစ်ဦး အကြင်နာ ဆီ တစ်ဦး မေတ္တာ အရ

သစ္စာစကားများသာ ပြောပြနေကြရတော့အံ့

အလွမ်း ပြီးရင်း အလွမ်း ပဲကွယ် ...

မွန်မြတ် သန့်စင်သော ချစ်ခြင်းတရား မှာ

အလွမ်း ကို ပြုစုပျိုးထောင်ဖို့

အလွမ်း ကို ဂုဏ်ဒြပ်တစ်ခုလို မှတ်ယူဖို့

အလွမ်း ကို အနမ်းတွေတိုင်း အပေါ် သက်မောလျလျ ရှိစေဖို့

ငါတို့ အလွမ်းတွေ လည်း အဓွန့်ရှည် ခဲ့တော့တယ် ။        ။





PM 9:28 2nd January 2014

Tuesday, December 24, 2013

ဒီဇင်ဘာ



ဒီဇင်ဘာ က အရောက် နောက်ကျတယ် ။

လွမ်းမြဲခန့် အလွမ်းဒီဂရီ ထက် ပိုပြီး လွမ်းရတယ် ။

Conservative ဥပဒေ အရ

ကြိုတင်လက်မှတ်များ အပေါ် တရားမဝင်ကြောင်း ကြေငြာလိုက်တော့

အနမ်း တစ်ရှိုက်စာ ဟာ

အလွမ်းသင့်ရာ တနံတလျား ခရီး ဆက်လက် ထွက်ခွာသွားပြီး

ဆောင်းအမီ သီချင်း ကို ပဲ

သံစဉ် နဲ့ တကွ အလွတ်ကျက် နေတော့တယ် ။

အိပ်မက်တွေ က နိုးလာတိုင်းလည်း

အိပ်မက်တွေအပေါ် ပိုပြီး မြတ်နိုးလာတယ်။

၂၀၁၃ ကတော့ Merry X'Mas နဲ့ Happy New Year သီချင်းတွေ ကို

မှိုင်းမှိုင်းသွေ့သွေ့ တိုးတိုးညှင်းညှင်း ဖွင့်လို့ ...

မဝတ်ဆင်ရသေးတဲ့ အင်္ကျီတွေ လို

မရောက်ရှိသေးတဲ့ အလည်အပတ် အချိန်တွေ လို

အသစ်ကျပ်ချွတ် မျှော်လင့်ချက် တွေ အတွက်

အဝေးရောက် အနမ်း တို့ ဟာ

အိပ်မက်တွေ ကို ပျိုးထားတဲ့ အခန်းလေး ထဲ

ကောင်းသောညပါ ဆိုတဲ့ နှုတ်ဆက်စကား

ဘယ်သူ့ဘယ်သူမှ မကြားရတဲ့

၂၅ ကျပ်တန် စာတိုလေးများ နဲ့

ညစဉ် ညစဉ် သစ္စာတရားကို ပဲ ခပ်တင်းတင်းလေး ဖက်ထားပြီး

အိပ်ရာဝင်ခဲ့ပါတယ် ။

အဲ့ဒီနှစ် ရဲ့ ဆောင်း စစ်စစ် နှင်း တို့ ဟာ

အပြင်ကမ္ဘာ မှာတော့

မြောက်လေ နဲ့ အတူ

တသုန်သုန် တလွင့်လွင့် ... ။







11:45 AM 24th December 2013

Monday, December 23, 2013

ဒီနှစ် အအေးပိုတယ်



စက္ကူတွေပေါ် ခြင်္သေ့တံဆိပ် ရိုက်နှိပ်လိုက်ကြတယ်

တချိန်က ညနေခင်းတွေတော့

မိုးစုန်းစုန်း ချုပ်ခဲ့ရှာပြီ ။

အများသူငါ ရယ်မောဖို့ရာ

သင့်အတွက် မနက်ဖြန်

ထုတ်လွှင့်ရန် အစီအစဉ်သစ် မရှိသေး ...

ခေတ် စီးမျောပုံ ကို က

အရင်လို အရင်ကအတိုင်း

ဖြေးဖြေး ... နှေးနှေး ...

ဘာကို အလိုမကျ ဖြစ်ရမလဲ

ဘာကိုရော အလိုတကျ ဖြစ်ရမလဲ

နောက်ကွယ်က အကြောင်းတွေပဲ

များများလာနေ ...

အမေက မွေးတဲ့ အသက် နဲ့

လူးပါးဝ တတ်အောင် လုပ်ယူရမလို ဖြစ်နေတဲ့ စိတ် ကို

ထောင့်မှန်ကျအောင် ခေါက်ချိုးချိုးပြီး

လောကထဲ လွှတ်တင်လိုက်ပါတယ်

အိပ်မက် အစုံစုံ ဟာ

လေယူရာ ...

ယိမ်းနွဲ့ရာ ...






PM 8:45 21st December 2013

Monday, November 4, 2013

ပြင်ဦးလွင်



နှင်းစတွေ ချိတ်ဆွဲထားရာ မြို့ ...

အိပ်မက်မက်ခြင်း ဆေးတံကို သောက်လို့ ...

ပန်းဖိနပ် ကို စီးထားပြီး

ရောက်လေရာ ခလုတ်မထိ ဆူးမငြိမယ့် မြို့ ...

ဆယ်စုနှစ်များဆီက ၀န်ထုပ်ဝန်ပိုးများကို

ခုထိ မလေးမလံ သယ်ပိုးထားနိုင်တဲ့ မြို့ ...

"ထာဝရ" နဲ့ "တသက်တာ"

စာလုံးပေါင်း မတတ်လို့ ...

တစ်မြို့လုံးစာ ချယ်ရီတွေ မှား' ပျိုးထားမိတဲ့ မြို့ ...

အမြဲတမ်း သစ်ရွက်လေးတွေ ကြွေနေတဲ့ မြို့ ...

ပုစ္ဆာ အထုတ် မှားလို့ ...

ကိုယ့် မျက်ရည် ကိုယ် ငါးစာလုပ် မျှားမိတဲ့ မြို့ ...

၂၁ ရာစု အ၀င် မှာ

၂၀ ရာစု နှောင်း က ဇာတ်အိမ်မျိုး နဲ့

ကန့်လန့်ကာ တန်ဆာဆင်နေဆဲ မြို့ ...

ရေကျစမ်းလေးတွေ ရှိတယ် ။

နွယ်ပန်းလေးတွေ နဲ့ ဒန်းကလေး ရှိတယ် ။

လ' သာတဲ့ ညတွေမှာ

ရေမြုပ်ကုလားထိုင်တစ်လုံးပေါ်က

နဝေတိမ်တောင် မျက်လုံးတွေ ရှိတယ် ။

မဟာ' တပ် ခေါ်ရတဲ့ စေတီတော် ရှိတယ် ။

ပေ' လည်း မဟုတ် တူ' လည်း မဟုတ်ဘဲ

အမြဲတမ်း ပန်းပွင့်နေတဲ့ ဥယျာဉ် တစ်ခု ရှိတယ် ။

သစ်တောလမ်း က သွားပါ ။

မသာယာတဲ့ ဘ၀ကို

သာယာတဲ့ လမ်းကလေး ပေါ် တင်ကြည့်တဲ့အခါ

စိတ်ကူးတွေ ဟာ နုပျိုရုံသက်သက် အတွက်ပေါ့ ...

အဲဒီနေ့ က ...

မိုးလည်း မရွာ နေလည်း မသာ ခဲ့ပါ ။

အဲဒီနေ့ က ...

အဲဒီနေ့ က ...

အဲဒီနေ့ က ...

ဆိုတော့ ...

နေ့တဓူဝ နေ့တွေထဲမတော့ ...

အဲဒီနေ့ က အကြောင်းတွေ ထပ်မတွေးဖြစ်တော့ ...

မြို့ကလေး ဆီ ပြန်မရောက်မချင်း ။    ။





14th April 2005

Saturday, October 26, 2013

ပြတ်ပြတ်သားသား ရှင်းရှင်းလင်းလင်း


အဘိဓမ္မာ တစ်ရပ်က

အကြောင်းကြောင်းသော အကြောင်းကြောင်းများ အပေါ်

နားလည်လက်ခံဖို့ ဖြစ်ပြီး ...

နောက် အဘိဓမ္မာ တစ်ရပ်က

နံရံ ကို ခေါင်း နဲ့ ပြေးဆောင့်တာမျိုး ဖြစ်ဖြစ်

ကျောရင်အပြည့် ဗုံးကပ်ထားတဲ့ စနက်တံကို ဆွဲဖြုတ်လိုက်တာပဲ ဖြစ်ဖြစ်

ရှူးရှူးဒိုင်းဒိုင်း တစ်ခုခု လုပ်ပစ်လိုက်ဖို့ ဖြစ်မယ် ...

အဖြူ မဟုတ်ရင် အနက်

ခေါင်း မဟုတ်ရင် ပန်း

လမ်း မဟုတ်ရင် ချောက်ကမ်းပါး

ပင်လယ် မဟုတ်ရင် ကောင်းကင်

နွေ မဟုတ်ရင် ဆောင်း ပေါ့ …

ဟိုလိုလို ဒီလိုလို တွေ နဲ့

ဟိုလိုလို ဒီလိုလို ဖြစ်နေတာ က ကြာခဲ့ပြီ

အားလုံးပြီးသွားရင် အားလုံးပြီးတာပါပဲလေ ...

အခု ခက်နေလိုက်ပုံက

တစ်ခုခု ဆို အားနာ' နေရတာ နဲ့

ကျုပ်တို့မှာ ... ဘာမှကို ဖြစ်မလာတတ်တော့ဘူး

ဒီလို နဲ့ ...

ဒီ တစ်နှစ် ကုန်သွားရင်

အရင်လို နောက်တစ်နှစ် ပဲ ရောက်လာပြန်ဦးမလား ... ။    ။








10:00 AM 26th October 2013

Saturday, September 14, 2013

အရူး


အဲဒီ့ မတော်တဆမှု ဖြစ်ပြီးတဲ့နောက် ...
သူလည်း ...
သွက်သွက်ခါအောင် ...
ရူးသွားရှာတော့တာပါပဲကွယ် ...

အဲဒီ့ လူ ...
အဲဒီ့ လူ ...
မမြင်ရတဲ့ အသံတွေ လိုက်နားထောင်လို နားထောင်
မကြားရတဲ့ ဓာတ်ပုံတွေ လိုက်ကြည့်လို ကြည့်
ပါးစပ်ကလည်း ...
ငါ့ကို လှည့်စားစမ်းပါဦးကွယ် ...
ငါ့ကို လှည့်စားစမ်းပါဦးကွယ် ... နဲ့
တတွတ်တွတ် ရွတ်နေပြန်တယ် ...

ကလေးတွေ က ၀ိုင်းအော်ပြီး စ' ကြတာပေါ့ ...
လူတချို့က တော့ ...
တွေ့ရတာ ကျက်သရေ ယုတ်သလိုလို
နှာခေါင်းရှုံ့သွားတတ်ကြတယ်
အရူး က တမူးသာ ပြီး
သူ က တခါတခါ ...
ဂစ်တာတွေ ဘာတွေတော့ တီးနေသေး
စိတ်မကောင်းစရာ က
သူ တီးနေတဲ့ ဂစ်တာက တစ်ကြိုး အပြတ်ကြီး နဲ့ ...

တစ်ခါတစ်ခါ
အရူး က လက်ထဲမှာ သခွားသီးတွေ ကိုင်ထားပြီး
ဘာကြောင့်မှန်းတော့ မသိဘူး
သခွားသီး ကို နမ်းနမ်းနေလေရဲ့ ...
ရွက်ဆုတ် ပြက္ခဒိန်တွေ ...
ပြလိုက်ရင်တော့ ...
အရူး က ထွက်ပြေးပါလေရော ...
အချိန်တွေကို ကြာအောင် စောင့်ရလေလေ
အချိန်တွေက ပိုလို့ ကြာသွားလေလေ သာ ဖြစ်ရ လို့
ပါးစပ် က လည်း အော်သွားရဲ့ ...

ညတွေဆို အရူး က မအိပ်ဘူး
လက်တွေ လေထဲ ဝှေ့ယမ်းပြီး
လေးဖြူ ရဲ့ ပြန်လာပါတော့ သီချင်း ကို
အကျယ်ကြီး အော်ဆိုနေတတ်တယ်
လူတွေ တွေ့ရင်တော့
အစွမ်းကုန် ပြုံးပြတတ်တယ် ...
ပြီးရင် ... သူ ဒီလို မပြုံးရတာ ကြာပြီ
ဖြစ်တဲ့အကြောင်း ...
သူ နားလည်သလို လိုက်လိုက် ရှင်းပြနေတတ်တယ်
ဘာဆေးမှားစားမိမှန်း မသိလို့ ရူးသွားတယ် လို့
သွားမရှင်းပြလိုက်ကြပါနဲ့ ဗျာ ...
အရူး တစ်ယောက် အတွက်
ဘာကြောင့် ရူးရတယ် ဆိုတာ သိရရင်
ရူးရတာ ပိုပြီး ရင်နာဖို့ ကောင်းသွားမှာ စိုးလို့ပါ ....

အရူး ဆိုတာ ...
ရူးနေရရုံ နဲ့ လောကမှာ လူဖြစ်ရကျိုးနပ်ပြီ လို့
အဲဒီ အရူး က ယူဆထားတယ် ထင်ပါရဲ့
ထမင်းလည်း မှန်မှန် စားပုံမပေါ်ဘူး
ရေလည်း မှန်မှန် ချိုးပုံမပေါ်ဘူး
တစ်နေ့ ...
မိုးကြီးလေကြီး ကျတော့ ...
အမြတ်တနိုး ... သိမ်းထားပုံ ရတဲ့ ...
လက်ကိုင်ဖုန်းဟောင်း
အခွံလေး တစ်လုံး ကို ကိုင်ထားတဲ့
အရူး ကို ...
အသက် မရှိတော့ဘဲ ... လမ်းပေါ်မှာ ... တွေ့ကြရတယ် ။    ။





PM 2:15 14th September 2013

Sunday, September 8, 2013

ဒီထက် ပိုလွမ်းတတ်ရင် လွမ်းလိုက်ဖို့ ...



လက်သာရာ ... အငိုတိတ်စေကွယ် ...
အလိုလို ဆိတ်သွားမယ့် ...
နှလုံးခုန်သံများ အကြောင်း မတွေးတော့ကြေး ...
အပြုံးတစ်ချက် နဲ့ စတင်' ပစ်ဖောက်ခဲ့လေတဲ့ ...
တိုက်ပွဲဟာ လည်း 
အနမ်းငွေ့ ... မျက်ရည်အစအန ...
အပိုင်းပိုင်း အထစ်ထစ် စိတ်ကူးများ နဲ့ ...
အဆုံးသတ်ခဲ့လေပြီ

ရမ္မက်တို့ ရဲ့ စေစားရာလမ်း အတိုင်း
မင်း' လှမ်းလျှောက်လာခဲ့တာ ... ဆိုကြပါစို့ရဲ့ ...
အသက်ရှူသံတွေ မြည်နေလိုက်ပုံ ကို က
ဒိန်းဒိန်းဒိုင်းဒိုင်း ... ဒိန်းဒိန်းဒိုင်းဒိုင်း ...
ဆင်မယဉ်သာ ကျီစားရာ
တစ်အိတ် လုပ်မိတဲ့ တစ်ဆိတ်မှာ မခံချိ မခံသာ
စိတ် နဲ့ တံဆိပ် ဟာ အလဲလဲ အကွဲကွဲ


ဒီထက် ပိုပြီးလည်း မတတ်နိုင်တော့ဘူးကွယ် ...
စိုင်းထီးဆိုင် သီချင်း တစ်ပုဒ် လို ...
မင့် နာမ ကို
စဉ်ဆက်မပြတ် သတိရနေခြင်း ဆီ က
ဖြုတ်လိုက်ရ တပ်လိုက်ရ
ရှင်သန်လိုစိတ် လေး တစ်မှုန်တစ်မွှား ကို
ခြောက်ခြောက်ခြားခြား အိပ်မက်များ ဆီ က
အလုအယက် ဆွဲယူရ တွဲခေါ်ရ
နောက်ဆုံး အလွမ်းတစ်ရှိုက်စာ
မင့် အရိပ်တွေ အပေါ် ရိုကျိုးနေရခြင်း က ပဲ
ဒီ အဓိပ္ပာယ် အလုံးစုံ အပေါ်
အနှစ်သာရ  ပြည့်ဝစေခဲ့တော့တယ် ...    

PM 8:24 MAY 2012

Wednesday, September 4, 2013

လိုအပ်ချက် ထက် ပိုမို ကွဲပြား



ကိုယ့် သေနတ် ကိုယ် ကျည်ထိုး

မီးခတ်ကြတာချင်း အတူတူ

ဘယ်သူ့ ဥပဒေသ က

ရိုးမ နဲ့ လိုက်လျောညီထွေ ရှိနိုင်မတဲ့လဲ

ဂူပတ်ဝန်းကျင် ဆီ စောင့်ရှောက်

တစ်မိုးအောက် ဖျောက်ဆိပ် ...


ကိုယ့် ပယ်နယ်တီ ကိုယ် နေရာယူ

ကန်သွင်းကြတာချင်း အတူတူ

ဘယ်သူ့ ဘယ်ဘက်ခြေထောက် က

ရွှေလက်အိတ် ကို လွတ်ကျစေနိုင်မတဲ့ လဲ

အိမ်ကွင်း ၊ အဝေးကွင်း သတိရ

လက်ခုပ်သံ ရဲ့ ရသ နှစ်ခု ...

ကိုယ့် ဈေးဝယ်လမ်းညွှန် နဲ့ ကိုယ်

လှည့်ပတ်ကြတာချင်း အတူတူ

ဘယ်သူ့ ကန်သင်းရိုး က

ဘယ်သူ့ ပြဿဒ် ဖြစ်စေနိုင်မတဲ့ လဲ

ကမ္ဘာကြီး ပူနွေးလာမှု အရ ပဲ ဖြစ်ဖြစ်

ခေတ်ပေါ် ရှေးဟောင်း အနုပညာ ...


စေတသိက် အရ တွေးခေါ်ခြင်း ...

အသက်ရှခြင်း အလိုက် အဘိဓမ္မာ ...

ခင်ဗျားတို့ ... ကျွန်တော်တို့ ...

နေပျော်ချင်စရာ ... ကောင်းကြပါစို့ရဲ့ ...

အတွေ့အကြုံ ဆိုတာ ...

အနိဌာရုံ တွေ က လည်း ... ရတတ်တာမျိုး ... ။    ။





1st September 2011

Saturday, August 31, 2013

ရိုးရိုးလေးပဲ ပြောချင်တယ်


မိုးလင်း က မိုးချုပ် ...
ဝင်လေ ထွက်လေ လို ...
သတိရစိတ် နဲ့ ...
ချစ်ခြင်း ဟာ ...
တစ်ရက် ထက် တစ်ရက် တိုး
သေချာလာခဲ့ ...

ဂရုတစိုက် ... အနားယူပါ ...
အနားမှာ ... ရှိမနေနိုင်သေးလို့ ...
ဂရုစိုက်ဖို့ ...
ပျက်ကွက်နေရတဲ့ ... ၀န်တာတို့ အပေါ် ...
နားလည်ပေးပါ ...

ကျန်းမာရေး နဲ့ အညီ စားသောက်ပါ ...
ကြိုတင် ကာကွယ်ခြင်း က
ကုသခြင်း ထက် ပိုကောင်းတယ် ဆိုတာ
မမေ့လိုက်ပါနဲ့ ...

အလွမ်း နဲ့ တကွ ... စိတ်အာရုံ ထက်ဝက်လောက် ကို
ပို့ထားပါတယ် ...
အဲဒီ စိတ်တွေ အတွက် ...
လောက နဲ့
အဆင်ပြေအောင် ၊ ပျော်ရွှင်အောင် ... နေပေးပါ ...
ဒါမှ သူတို့တွေလည်း ပျော်ကြရှာလိမ့်မယ် ...

တစ်နေ့နေ့ ဟာ ...
သေချာနေတဲ့ ချစ်ခြင်းတရား တွေ အတွက် တော့ ...
မကြာမီ " လို့ အဓိပ္ပာယ် ရကြောင်း ...
ယုံကြည်ထားပြီး ...
တစ်ယောက် က တစ်ယောက် ဆီ
တိုးဝင်ဖို့ ...
တစ်လှမ်းချင်း လှမ်းနေရ ...
တစ်နေ့ချင်း ဖြတ်သန်းနေရတာက ...
ငါတို့ မေတ္တာတရား ကို
နေ လို ကမ္ဘာ လို ...
ထုထည်ခိုင်မာစေဖို့ ... ထုဆစ်ရခြင်း ပေါ့ ...။    ။

 

AM 9:23 31st August 2013

Wednesday, August 28, 2013

အဲဒီ့ အခိုက်အတန့်


တစ်ခါ တစ်ခါ 

ငါတို့ ဟိုးအဝေးကြီးတွေဆီ တွေးဖြစ်တဲ့အခါ ....

အိမ်မက်တွေ ကျွန်းမျောတွေ ...

ရာသီစာ ပေါက်ရောက်မှုတွေ ...

ထပ်ဖန်တလဲလဲ စိတ်ကူးတွေ ... 

ခါတော်မှီ ဒဟတ်ပန်းလို အတွေးတွေ ...

တချို့မှာ ကျဆုံးသွားကြပါစို့ရဲ့ ...


သူတို့တွေ သင်းပျံ့သလို ငါတို့ မွှေးကြိုင်ကြပါစို့ရဲ့ ...

သူတို့တွေ သင့်ရာသလို ငါတို့ ကြိုင်သင်းကြပါစို့ရဲ့ ...

သူတို့တွေ ငေးမောသလို ငါတို့ ငိုက်တွဲကြပါစို့ရဲ့ ...

အခါခါ အလီလီ ထပ်ချည်းတလဲလဲ စိတ်ကူး ...........

ဘယ်တရံရောဆီကမှ မဖြစ်တည်နိုင်လေတဲ့ အိပ်မက်တွေ နဲ့ ...

ကိုယ့် မနက်ဖြန် ကိုယ် ထုဆစ် 

ဘယ်လို ရုပ်ဒြပ်မှ မဖြစ်တည်နိုင်လေမှန်းလည်း

သိခဲ့

မထူးခြားနားလေတဲ့ လေသံနဲ့

ဒီဘက်က အသံကို စတင် တီးမှုတ်ခဲ့

ဒါကပဲ အသီးသီး စတင်ရာ

နီယွန်တွေ မမှိုင်တဲ့ မြို့အကြောင်း ပြောကြစို့


ဘာတစ်ခုမှ ပြန်လည်ချယ်သီစရာ မလိုအပ်

ဘာတစ်ခုမှ ပြန်တည်ကျော့သွေးစရာ မလိုအပ်

ဘာတစ်ခုမှ ပြန်လည်ခိုသွေးစရာ မလိုအပ်

ကိုယ့် ဒြပ်ထည် နဲ့ ကိုယ်

ကျူးရင့် ...


သူမ နှုတ်ဆက်ကြောင်း ပြောကြား 

ဂွပ် ´ ခနဲ ဖုန်းချသံ ...

နောက်ဆုံး သာစေမာစေ ဆုတောင်းစကားနဲ့ ဘာနဲ့

အခုထက်ထိ ငေးမော

မဖြစ်တည်နိုင်တော့လေတဲ့

တွေးအလျဉ်များနဲ့ ဖင့်နွဲ

၁၉၉၉ ကတည်းက 

ကျွန်တော်ဟာ သေဆုံးခဲ့ပြီးသား ဖြစ်တယ် ။     ။




17th November 2012

ကိုယ်စောင့်နတ် နှင့် ရန်စကား ပြောပြီးနောက်...


ဇာတ်ဆန်းတွေ ချည်းပဲ

က' ချင် လှတဲ့ လူငယ်

ခေတ်စနစ် နဲ့တော့ ကာရံပဲ...

လွန်ခဲ့တဲ့ မိနစ် အထိ

တစ်ချိန်က မင့် ပြဌာန်းပုံ အတိုင်း ဖြစ်ခဲ့ပြီးသား

တကယ် ဘုရင်ကြီး ဖြစ်ပြီ ဆိုတော့လည်း

ပင်လယ်ဘေး ငါးမျှားနေခဲ့ရတဲ့ အချိန်တွေဆီ

လွမ်းမောမိ...

လွတ်လွတ်လပ်လပ် ရှိခြင်း အပေါ်...

ခုပြော

ဘာကို မင်း အမှန်တကယ် လိုအပ်တယ် ဆိုတာ...

မိုးရွာတော့လည်း မဟုတ်

နေခြည် ဖြာတော့လည်း မဟုတ်

နှင်းဖျ ပြန်လည်း မဟုတ် နဲ့

မင်းကို အလုပ်' မဟုတ်ပါဘူး...။

သူတကာ အားနာခြင်းတွေ ဆီပဲ လှည့်ဖြား

အခွင့်ကောင်း ဆိုတာ ရအောင်ယူရမယ် ခံယူထားပြီး

အတ္တကို ပိုးမွေးသလို မွေး'ပစ်

အဖော်အပေါင်း နဲ့ လာလေ့ ရှိသော ဟိုကောင့်ကို

မင်းတွေ့မှ...

ရင်စီးလို့ ဖြစ်ဖြစ် လည်စင်းလို့ ဖြစ်ဖြစ်

ဖြေရှင်း ကြည့်ပေါ့...

ကိုယ့် စိတ် နဲ့ ကိုယ့် ကိုယ်

အတိုင်းအတူ မဖြစ်တတ်တာကိုက

အကျင့်...

သူတကာ လက်မလျှော့ချင်သေးရင်လည်း နေ

မင်းစိတ်တစ်ခု ဖြစ်တဲ့ ငါကတော့

သီလ" လို့ အမည်တပ်ပြီး

မင့် ကောင်းမြတ်ခြင်း အခန်းကျဉ်းထဲက

ခုပဲ ထွက်ခွာသွားလိုက်ပြီ...။    ။




28th September 2009

LinkWithin

Related Posts Plugin for WordPress, Blogger...